{၁}
ပင်လယ်က ဖြူစင်ပါလျှက်နဲ့
ကောင်းကင်ကြောင့် 
အရောင်တွေပြောင်းရတယ် ..
ကိုယ့်ရဲ့ ကောင်းကင်မှာ
အရောင်မစုံလင်ခဲ့ပါဘူးကွာ
ကြယ်တွေစုံတဲ့ည
ကောင်ကင်က ကြယ်တွေ ပင်လယ်ထဲခုန်ချ
ကြယ်တွေ မစုံတဲ့ ကောင်းကင်မှာ
လမင်း ကို မျှော်ကြည့်ရင်း
ကိုယ့်ပင်လယ်မှာ မီးပြတိုက်လေး ထွန်း
တစ်ယောက်တည်း လင်း .. လင်းခဲ့ရပေါ့
{ ၂ }
မျက်နှာမသစ်မှီ မနက်စာ စားခဲ့မိတယ်
အရသာတော့ရှိသား
ပေါင်မုန့် တစ်လုံးနဲ့
ဘဝကို "ကျော်ဖြတ်ရမယ်" ဆိုတဲ့
လူတွေထဲ ကိုယ်မပါဘူး ..
ရှင်ရင်ရွှေထီး သေရင်မြေကြီးပဲ ..
ပေါင်မုန့် နဲ့ တွဲစားဖို့  နွားနို့ တစ်ခွက်တော့
အပိုသောက်ခဲ့မိတယ်
ကိုယ်က သတ်သတ်လွတ်မှမစားတာ
အသားရှောင်စရာမလိုပါဘူး
{၃}
နွေဦးမှာ လေရနံ့ကိုရှူရှိုက်တော့
မိုး ရနံ့ကိုရတယ် ..
ကိုယ့်ရင်ခွင်မှာ နှင်းဆီတစ်ခင်းစိုက်ပျိုးခဲ့မိပေါ့ ..
ယုယစွာစိုက်ပျိုးခဲ့ပါတဲ့ ဒီပျိုးခင်းမှာ
ပန်းလေးတွေဘယ်တော့ပွင့်မလဲ
ဒီရင်ကိုဖွင့်လို့  စောင့်မျှော်မိပါရဲ့
တကယ်တော့လဲ ..
ပန်းဖူးလေးတွေပြီးမှ
ပွင့်ဖတ်လေးတွေဆိုတာ ပွင့်ရတာပါ .
ကိုယ်ကတော့ ပန်းဖူးလေးတွေမထွက်သေး
ပွင့်ဖတ် လေးတွေကို မျှော်နေမိခဲ့သူ ..
နောက်ဆုံးတော့ ..
နှင်းဆီပွင့်ဖတ်လေးတွေရယ်
ကိုယ့်ဆူးကိုယ် ရင်ခွင်အပ်
နာကျင်စွာ မကြွေလွှင့်ပါစေနဲ့ကွာ
ရင်နာစရာကောင်းလွန်းပါတယ် ..
{၄}
တတိယ မျက်လုံးမှာ မျက်ရည်စတွေနဲ့ ..
ကြေကွဲခဲ့ရရှာတဲ့ စိတ်
ပြိုလဲပျက်ဆီးခဲ့ပေါ့
ငိုကြွေးသံတွေကတော့
အတ္တ မာနတွေကြား ဆွံ့အလို့ 
ရှူး .. တိုးတိုး
ရင်ခွင်တစ်စုံမှာ အလွမ်းဆိပ်သင့်လို့ 
အိပ်ပျော်နေရှာတဲ့ နှလုံးသားလေးတစ်စုံရှိလေရဲ့
အိပ်ခွင့်ပေးလိုက်ပါ သူလဲ ရာသီအဆက်ဆက်
ချစ်ခဲ့ပေးရလို့ မောနေရှာပြီထင်ပါ့ ။
သက်အောင် (ကလောင်တိုက်ပွဲ )

No comments:
Post a Comment